Quantcast
Channel: သမိုင်းနဲ့ အစဉ်အလာ – MoeMaKa Burmese News & Media
Viewing all articles
Browse latest Browse all 457

ဖေဖေ့အကြောင်း (၈)

$
0
0
ဇွန်ပွင့် ဇူလိုင် ၂၄၊ ၂၀၁၃ (ဒီနေ့၊ ၁၉-၆-၂၀၁၃ရက်နေ့။   ၁၉-၆-၂၀၀၉ ၊ မနက်လေးနာရီမှာ ဖေဖေကာတွန်းဦးဖေသိန်း ကွယ်လွန် သွားခဲ့ပါ တယ်။ ဖေဖေဆုံးတာ လေးနှစ်တင်းတင်းပြည့်တဲ့ နေ့ပါ။ ဖေဖေ့အတွက် တံတားဖြူ ကန်လမ်းက ရတနာသိင်္ဃကျောင်းမှာ ကျောင်းရှိ သံဃာကုန်ကို လှူဖွယ်ဝတ္ထုအစုစုနဲ့ အာရုံဆွမ်းကပ် လှူပြီး ဖေဖေ့အတွက် မိသားစုက ဆုတောင်းပေးခဲ့ကြပါတယ်။ )   ဖေဖေက ရုပ်ရှင်ကားထဲမှာ မပါဝင်ခဲ့ဖူးပါဘူး။ သူ့စာပေပန်းချီ မိတ်ဆွေတွေ ဖြစ်တဲ့ သော်တာဆွေ၊ ဒေါင်းနွယ်ဆွေ၊ ပန်းချီအောင်စိုးတို့က ရုပ်ရှင်ကားတွေမှာ ဇာတ်ရံ အဖြစ်ပါဝင် သရုပ်ဆောင်ကြပါတယ်။ ဒါပေမယ့် ဖေဖေက နာမည်ကြီး မင်းသမီးနဲ့ တွဲခဲ့ဖူးပါတယ်။   ၁၉၇၃-၄ခုနှစ်၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီရဲ့မဲဆွယ်ပွဲ ကို မြန်မာတစ်နိုင်ငံ လုံး ခြိမ့်ခြိမ့်သဲ ကျင်းပစဉ်ကပါ။ စာပေ၊ ပန်းချီ၊ ဂီတ၊ ရုပ်ရှင်၊ သဘင် စတဲ့ အနုပညာရှင်တွေအချိုးကျ ပေါင်းစုပြီး တိုင်းနဲ့ပြည်နယ် မြို့ရွာ မကျန် ဖျော်ဖြေ တင်ဆက်ကြရပါတယ်။ အောင်ကိုလတ်ရဲ့ “မဲရုံ- မဲရုံကိုလာ-”သီချင်းလည်း ဒီဖျော်ဖြေ ပွဲတွေမှာပဲ ပေါက်သွားတာပါ။   အချိုးကျဆိုတာမှာ ပန်းချီ-ကာတွန်း ဦးဖေသိန်း၊ ဂီတ မာသီ၊ တင်ဦးလေး၊ အဲဒီမှာ ရုပ်ရှင်ဘက်က မဲကျသူကတော့ “ခင်သန်းနု”ပါ။ ဖျော်ဖြေရေးကားက ညနေပိုင်းကနေ ညနက်ပိုင်းထိဆိုတော့ မင်းသမီးနဲ့ မောင်ရွှေရိုးဖေသိန်းတို့ အဆင်ပြေနေမယ်လို့ ထင်ကြပါလိမ့်မယ်။ တကယ်လည်း အဆင်ပြေပါတယ်။ ဖေဖေက မင်းသမီးနား မကပ်ရပါဘူး၊ မင်းသမီးကပဲ ဖေဖေ့အနား ကပ်ကပ်နေရပါတယ်။ လူအုံလေ ဖေဖေ့အနားတိုးလေပေါ့။ ဘာကြောင့်လဲဆိုတော့ အဲဒီအဖွဲ့မှာ ဖေဖေက အသက် အကြီးဆုံး အဟဲ-ကိုယ့်အဖေမို့ ပြောရမယ်ဆိုရင် အချောလည်း အချောဆုံး။   ဖေဖေရန်ကုန်မြို့ထဲက မြို့နယ်များကို အလှည့်ကျသွားရောက် ဖျော်ဖြေရပါတယ်။ ရန်ကုန်လူထုကလည်း ဖေဖေတို့ ဖျော်ဖြေရေးအဖွဲ့လာပြီဆို ခင်သန်းနု ပရိသတ်က ထိန်းမရတော့ပါဘူး။ ခင်သန်းနုကလည်း ဖေဖေ့အနီးမှာပဲနေပြီး “အန်ကယ်-အန်ကယ်” လို့ခေါ်ပြီး အားကိုးပါတော့တယ်။ ဖေဖေ့မှာလည်း ဟောပြောမယ်မကြံ သေးဘူး မင်းသမီးပရိသတ်ထိန်းနေရတာနဲ့ မောင်ရွှေရိုးတစ်ယောက် မောနေ ပါတော့တယ်။   ဖျော်ဖြေတာမှ သုံးရက်ရှိဦးမယ်။ စမ်းချောင်း(တောင်)မြို့နယ်၊ (မြေနီကုန်း) အလှည့် ကျတော့ ပဒုမ္မာကွင်းမှာ စီစဉ်ထားလို့ ဖေဖေတို့ သွားကြပြန်ပါတယ်။ အဲဒီမှာတင် ခင်သန်းနု ပရိသတ်ကို ထိန်းမနိုင်တော့ပါဘူး။ မြို့နယ်၊ ရပ်ကွက် လုံခြုံရေးတာဝန်ယူ ထားသူတွေလည်း မနိုင်တော့ပါဘူး။ ဒီမှာတင် ဖေဖေက ဆုံးဖြတ်ပြီး မင်းသမီး ကို ဖျော်ဖြေရေးကားကြီးနဲ့ ကားတင်ပြေးရပါတော့တယ်။ ဖေဖေတို့ အဖွဲ့လည်း သူများအဖွဲ့တွေလို ရက်ပြည့် ဖျော်ဖြေမတင်ဆက်နိုင်ကြတော့ပါ ဘူး။ မြန်မာ့ဆိုရှယ် လစ် လမ်းစဉ်ပါတီ မဲဆွယ်ပွဲကြီးကို ဖေဖေ အောင်ဖျာလိတ်ခဲ့တာအဲဒီကတည်းကပါ။   (ဆက်ပါဦးမယ်)

Viewing all articles
Browse latest Browse all 457

Trending Articles